Why Study Abroad?

  နိုင်ငံခြားသို့ သွားရောက်ပညာသင်ယူရန် စဉ်းစားပြင်ဆင်ခြင်းသည် အလွန်အရေးကြီးပါသည်။ နိုင်ငံခြားတွင် သွားရောက်ပညာသင်ကြားခြင်းသည် မိမိနိုင်ငံ မိဘဆွေမျိုးအပေါင်းသင်းများအနီးတွင် ပညာသင်ကြားရခြင်းမဟုတ်သည့်အတွက် မိမိခြေထောက်ပေါ် မိမိရပ်တည်၍ နိုင်ငံရပ်ခြားတွင် သွားရောက်နေထိုင်ပညာသင်နိုင်ရန်၊ လူအများနှင့် ပေါင်းသင်းဆက်ဆံနိုင်ရန် နှင့် မိမိသွားရောက်ပညာသင်ကြားမည့်နိုင်ငံတွင် တွေ့ဆုံပေါင်းသင်းရမည့် လူမျိုးများ၏ဓလေ့ရိုးရာများကို လေ့လာထားခြင်း စသည့်အစစအရာရာ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မူများလည်း ပြုလုပ်ထားသင့်ပါသည်။

  ပညာရေးအစိတ်အပိုင်းတစ်ခုကို နိုင်ငံခြားတွင် သွားရောက်ပညာသင်ကြားခြင်းသည် ကျောင်းသားကျောင်းသူများအနေနှင့် ‘comfort zone’ အပြင်ဘက်တွင် အခက်အခဲများနှင့် စိတ်ဖိစီးမှုများ စသည်တို့ကို ပညာသင်ယူနေချိန်တွင် ကြုံတွေ့ရမည်ဖြစ်ပြီး နိုင်ငံတကာမှ ဓလေ့ရိုးရာများ၊ ဘာသာစကားများ၊ ပတ်ဝန်းကျင်အခြေအနေများနှင့် ပညာရေးစနစ်များကို တွေ့ကြုံသင်ယူရမည် ဖြစ်ပါသည်။ ထိုအတွေ့အကြုံများကြောင့်လည်း ကျောင်းသားကျောင်းသူများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ မိဘအသိုင်းအဝိုင်းများ၏ ထောက်ပံ့မူမရှိပဲ အမှားအမှန် အဆိုးအကောင်းများ၊ တွေ့ဆုံပေါင်းသင်းရမည့် လူများ၏အကျင့်စရိုက်များ စသည်တို့ကိုပါ သိရှိနားလည်ကျွမ်းကျင်သွားမည် ဖြစ်ပါသည်။

  ထိုသို့သိရှိနားလည်ကျွမ်းကျင်မှုများကြောင့် ကျောင်းသားကျောင်းသူများအနေဖြင့် အနာဂတ်လုပ်ငန်းခွင်များတွင် တွေ့ကြုံလာမည့် အခက်အခဲနှင့် စိတ်ဖိစီးမူများကို ခံနိုင်ရည်ရှိသွားမည်ဖြစ်ပြီး ကိစ္စအရပ်ရပ်များကို အလွယ်တကူ ဦးဆောင် ဖြေရှင်းနိုင်သွားမည်ဖြစ်သည်။

   စိတ်ပိုင်းဆိုင်ရာပြင်ဆင်ခြင်းသည်သာမကပဲ ပညာရေးအပိုင်း စဉ်းစားဆုံးဖြတ်ခြင်းသည်လည်း အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိအမှန်တကယ်စိတ်ဝင်စားသောဘာသာရပ် (သို့) အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများ အတွက် လိုအပ်မည့် ဘာသာရပ်ကိုဆုံးဖြတ်ခြင်း၊ မိမိသွားရောက်လိုသောနိုင်ငံနှင့် တက္ကသိုလ်ကျောင်းများကို ပညာရေးအကြံပေးများ၊ မိဘများ၊ တိုင်ပင်ဖော်တိုင်ပင်ဖက်များနှင့် သေချာလေ့လာစဉ်းစား ဆုံးဖြတ်သင့်ပါသည်။